Thursday, January 1, 2009

ရင်သွေးငယ်များကျန်းမာရေး(၁)


ဒီပိုစ့်ကို မရေးခင် ဘလော့ကိုလာလည်တဲ့ စာဖတ်သူတွေကို နှစ်သစ်ကူး ဆုမွန်တောင်းပါတယ်။နှစ်သစ်မှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာ ပြီးအောင်မြင်မှုတွေ တစ်သီကြီးရဖို့မနဲ့မောင် က ဆုတောင်းပေးပါတယ်။စာမေးပွဲ ကာလ မှာ စာမရေးတာ ကြာသွားတော့ အမှန်တကယ်ဝန်ခံ ရရင် စာပြန်ရေးရမှာ တော်တော် အပျင်းထူနေပါတယ်။ ရင်သွေးငယ်များကျန်းမာရေး လို့ဆိုပေမယ့် အဓိက တင်ပြသွားမှာ ကတော့ အအေးမိ နှာစေးချောင်းဆိုး ဖြစ်တဲ့ ကလေးငယ်တွေ ကို မိဘ အုပ်ထိန်းသူတွေ အနေနဲ့ ဘယ်လို ဂရုစိုက် ပြုစုကုသ ရမယ်ဆိုတဲ့ အချက်များပဲ ဖြစ်ပါတယ်။

(၁) ကလေးအဖျားတက်နေရင် ဘာလုပ်သင့်သလဲ
ကလေးဆရာဝန်တွေ အလိုအရတော့ ကလေးရဲ့ ကိုယ်အပူချိန်ဟာ ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်ရှိရင် ကိုယ်အပူချိန် တက်တယ်လို့ ဆိုပါတယ်။ သာမန် ကိုယ်အပူချိန်ကတော့ ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်ပါ။သင့်ရင်သွေးငယ်ဟာ
  1. အသက်လေးလအောက် ဖြစ်လျှင်
  2. တခြား လက္ခဏာ တွေ ရှိလျှင်
  3. အဖျားရက် ရှည်နေလျှင်
ဆရာဝန် ထံ သွားရောက်ပြသ ပြီး ကုသမှုခံယူရပါမယ်။ကလေးငယ်တွေကိ အဖျားကျ ဖို့ အိမ်သုံးဆေး အက်စပရင် ဖြင့် ကုသခြင်း ကို ရှောင်ကျဉ်သင့် ပါတယ်။အက်စပရင် သောက်သုံခြင်းဖြင့် ကလေးငယ်တွေ မှာ Reye လို့ ခေါ်တဲ့ ရောဂါတစ်မျိုးရရှိနိုင်ပါတယ်။

(၂) အဖျားကျဖို့ တခြားဘာတွေလုပ်နိုင်သေးလဲ
ကလေးရဲ့ ခန္ဓာကိုယ် ကို ရေပတ်နဲ့တိုက်ပေးနိုင်ပါတယ်။သတိထားရမှာက ရေအေးကို မသုံးမိဖို့ပါပဲ။တစ်ချို့ မိဘတွေက အေးလေကောင်းလေ ထင်ပြီး ရေခဲရေနဲ့ တိုက်ပေးတာ ကြားဖူးပါတယ်။ရေနွေးလေးရောပြီး ရေပတ်တိုက်ပေးဖို့လိုပါတယ်။ကလေးငယ် မှာ ရေဓါတ်ခမ်းခြောက် တဲ့ရောဂါ လက္ခဏာ တွေ တွေ့တယ်ဆိုရင် တော့ ဆေးခန်းကို အမြန်ပြေးပြီးကုသမှု ခံယူရပါမယ်။ရေဓါတ်ခမ်းခြောက်တဲ့ လက္ခဏာတွေက တော့ ငိုလျှင်မျက်ရည် မထွက်ခြင်း၊ လျှာနှင့် ခံတွင်း ခြောက်ကပ်နေခြင်း၊ဆီးမပေါက်ခြင်း တို့ ဖြစ်ပါတယ်။ မိခင်နဲ့ အုပ်ထိန်းသူများအနေနဲ့ ကလေးကို ၂ နာရီခြားတစ်ခါ နို့တိုက်ပေးနိုင်လျှင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၃)ဘယ်အချိန်မှာ ဆရာဝန်ခေါ်မလဲ
မြန်မာ ပြည်မှာတော့ ဆရာဝန်ကို အိမ်ခေါ်ကုလေ့ သိပ်မရှိပါဘူး။ ဆေးခန်းပြတာ များပါတယ်။ကလေးအဖျားတက်တိုင်း သာမန်အားဖြင့် ဆေးခန်းပြကြတာနည်းပါတယ်။အိမ်သုံးဆေးဝါးနဲ့ ကုရင်ကု၊ မဟုတ်ရင် ရိုးရာ တိုင်းရင်ဆေး၊ဆေးမြီးတိုနဲ့ ကုတတ်ကြပါတယ်။သို့ပေမယ့်လည်း အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ ၊ လက္ခဏာ တွေကို မိဘ အုပ်ထိန်းသူတွေ အနေနဲ့ သိရှိထားပြီး အမြဲစောင့်ကြည့်နေဖို့လိုပါတယ်။အဆိုပါလက္ခဏာတွေ ကတော့ ရေဓါတ်ခမ်းခြောက်သည့် လက္ခဏာ ရှိခြင်း၊ တက်ခြင်း၊ အရေးပြားပေါ်တွင် အကွက်များပေါ်ခြင်း၊အာသီးရောင်ခြင်း၊အစာလုံးဝ မစားတော့ခြင်း တို့ဖြစ်ပါတယ်။

(၄)ကြက်စွပ်ပြုတ် သောက်ခြင်းဖြင့် အကျိုးရှိနိုင်ပါသလား
တစ်ချို့ သုတေသန စာတမ်းတွေကကတော့ ကြက်စွပ်ပြုတ်ဟာ ရောင်ရမ်းမှု ကို သက်သာပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။ အဆိုပါ အချက်မမှန်လျှင်တောင် ကြက်စွပ်ပြုတ် ဟာ ကလေးငယ် အတွက် အဟာရ ဖြစ်စေပါတယ်။ရေနွေးငွေ့ ရှူ စေပြီး နှာခေါင်းပိတ် သက်သာအောင် လုပ်နိုင်သလို ရင်ဘတ်ကို ပွတ်ပေးခြင်းဖြင့် အချွဲကြပ်တာ သက်သာစေပါတယ်။

(၅)လည်ချောင်းနာတာ ကို ဘယ်လို ကုသမလဲ
ကလေးငယ်တွေမှာ လည်ချောင်းနာတာဟာ သာမန်အားဖြင့် အအေးမိတာကြောင့်ဖြစ်တတ်ပါတယ်။ ၄-၅ရက်ခန့်ကြာတတ်ပြီး အသက် (၂) နှစ် အထက် ကလေးတွေမှာတော့ ရေနွေးကို ပျားရည်အနည်းငယ်ရောပြီးတိုက်လျှင် သက်သာပျောက်ကင်းစေပါတယ်။ Strepsil ကဲ့ သို့ ငုံဆေးများကိုလည်း သုံးစွဲနိုင်ပါတယ်။ စတရက်တို ကော့ကပ် ပိုးကောင်ကြောင့်ဖြစ်တဲ့ လည်ချောင်းနာရော ဂါ က တော့ အအေးမိတာနဲ့ တွဲ ပြီးမလာတတ်ပါဘူး။ စတရက်တိုကော့ကပ် လို့ သံသယ ရှိရင်တော့ ဆရာဝန်ဆီ အမြန် သွားရောက် ပြီးကုသမှုခံယူသင့် ပါတယ်။ပဍိဇီဝဆေးများဖြင့် ထိရောက်စွာ ကုသမှု မလုပ်ခဲ့ ရင် နောင်မှာ နှလုံး အဆို့ရှင်တွေကို ထိခိုက်စေတတ်ပါတယ်။

(၆) အသက်အရွယ်နဲ့ အိမ်သုံးဆေး
အသက်(၄) နှစ်အောက်ကလေးတွေကို အိမ်သုံးဆေး(Over the counter) ဆရာဝန် လက်မှတ်မပါဘဲ ၀ယ်နိုင်သောဆေးတွေ သုံးပြီး မိမိသဘောနဲ့ မကုသသင့်ပါဘူး။အဆိုပါဆေးဝါတွေဖြင့်ကုသခြင်းဖြင့် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများစေပါတယ်။ကလေးကို ရေများများတိုက်ပေးခြင်း၊ ရေပတ်တိုက်ပေးခြင်း၊ရေနွေးငွေ့ ရှူစေခြင်း စသည့် နည်းလမ်းများက ပိုမိုထိရောက်စေပါတယ်။

No comments: