Showing posts with label meningitis. Show all posts
Showing posts with label meningitis. Show all posts

Saturday, October 4, 2008

Treatment of meningitis


ဦးနှောက် အမြှေးရောင် ရောဂါ ဟာ စောစော လျှင်လျှင် မကုသ နိုင်ခဲ့ရင် လူကို သေစေနိုင်တဲ့ ရောဂါတစ် ခုဖြစ်ပါတယ်။ ရောဂါပိုး အမျိုးအစား ၊ရောဂါပြင်းထန်မှု အတိုင်းအတာ၊ လူနာရဲ့ အသက်အရွယ် ကို လိုက်ပြီးကုသပုံ ကုသနည်း မတူနိုင်ပါဘူး။ဗိုင်းရပ်ပိုးကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေး ရောင်ရောဂါ ဟာ သာမန်အားဖြင့် (၃)ရက်ခန့် ကြာလျှင် သက်သာတတ်ပြီး (၂) ပတ်ခန့်ကြာလျှင်တော့ အရှင်းပျောက်ကင်သွား တတ်ပါတယ်။ ဘက်တီးရီးဟား ပိုးကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေး ရောင်ရော ဂါ ဟာ ပို မို အန္တရာယ် များပါတယ်။ ဗိုင်းရပ် ပိုးကြောင့် ဆိုလျှင်ဖြင့် အဖျားကျအောင် နာကျင် ကိုက်ခဲ မှု သက်သာအောင် ဆေးသောက်ရပါမယ်။ ခန္ဓာကိုယ် ရေဓါတ် ခန်းခြောက် မသွားအောင် ရေများများသောက်ဖို့လိုပါမယ်။ သို့ပေမယ့် လည်း အနီးကပ် သတိနဲ့ စောင့်ကြည့် နေဖို့ လိုပါတယ်။ ဓါတ်ခွဲ ခန်းစမ်းသပ် မှု မှာ ဘက်တီးရီးဟား ပိုးကောင် မတွေ့ရုံ နဲ့ ပေါ့ပေါ့ ဆဆ နေလို့ မရပါဘူး။

ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေးရောင် ရောဂါ ကိုတော့ အထူးကြပ်မတ်ကု သဖို့လိုပါတယ်။ရောဂါ ဝေဒနာ ပြင်ထန်ပြီး အသက် အန္တရာယ် ပေးနိုင်ပါတယ်။ပဋိဇီဝဆေးများ။ ပိုးသတ်ဆေးလို့ လူသိများတဲ့ ပဋိဇီဝ ဆေးတွေကို သွေးကြောထဲသွင်း ကုသဖို့လိုပါတယ်။ပဋိဇီဝဆေးတွေကို ပေးရာမှာ ဖြစ်နိုင်ရင် ရောဂါပိုးကောင်ကို သတ်နိုင်တဲ့ သင့်တော်တဲ့ ဆေးဝါးကို ပေးနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ Blood culture ခေါ် လူနာရဲ့ သွေး မှရောဂါ ပိုးကောင်မွေးမြူနိုင် ပေမယ့် အဖြေ ရဖို့ ခက်ခဲ လို့ များသောအားဖြင့်တော့ ခန့်မှန်းကုသ ကြတာများပါတယ်။

ဦးနှောက် အမြှေးရောင် ရောဂါရဲ့ နောက်ပြသနာ တစ်ခု က ဦးခေါင်း အတွင်း ဖိအားတက်ခြင်း ဖြစ်ပါတယ်။ဦးခေါင်း အတွင်း ဖိအားတက်တဲ့ လက္ခဏာတွေ ကတော့ သွေးခုန် နှုန်း နှေးခြင်း၊ အန်ခြင်း၊သွေးတိုးခြင်း၊ မူးဝေခြင်းတို့ ဖြစ်ပါတယ်။ ဦးခေါင်း အတွင်း ဖိအားတက်နေတယ်လို့ ယူဆ တယ် ဆိုလျှင်ဖြင့် စတီးရွိုက် ဆေးဝါးများ အသုံးပြု ဖို့လိုပါတယ်။စတီးရွိုက် ဆေးဝါးများ ဟာ ခန္ဓာ ကိုယ် ခုခံအားစနစ်ကို ကျဆင်းစေတဲ့ အတွက် မလို အပ်ဘဲ သုံးမိလျှင် ရောဂါ ဝေဒနာ
ပိုဆိုးစေနိုင်ပါတယ်။

အဖျားကျ ရန်အတွက် acetaminophen ကဲ့သို့ ဆေးဝါးများသုံးနိုင် ပါတယ်။ရေ များများ သောက်ရပါမယ်။အခန်းအတွင်း လေ၀င်လေထွက် ကောင်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။အဖျားအရမ်း တက်နေသူ များအတွက် ရေပတ်တိုက်ခြင်း ကလည်း များစွာ အထောက်အကူ ပြုပါတယ်။

တစ်ချို့ ဦးနှောက် အမြှေးရောင် လူနာတွေ ဟာ တက် တတ်ပါတယ်။ ဒီလို လူနာတွေ ကိုတော့ ဆိတ်ငြိမ် ပြီး အန္တရာယ် ကင်းတဲ့ အခန်းမှာ ထားဖို့လိုပါတယ်။Phenobarbital ကဲ့သို့ ဆေးဝါးများ ဖြင့်လည်းကု သနိုင်ပါတယ်။

အောက်ဆီဂျင် ကို တော့ ရောဂါဝေဒနာ ပြင်းထန်တဲ့ လူနာတိုင်း မှာ ပေးပါတယ်။တစ် ချို့ကို ပိုက်နဲ့ ပေးပြီး တစ်ချို့ ကိုတော့ အုပ်ဆောင်း(mask) နဲ့ ပေးနိုင်ပါတယ်။

ဦးနှောက် အမြှေးရောင်ရောဂါ ကြောင့် ခန္ဓာ ကိုယ် မှရေ ဓါတ်လို အပ် မှု များလာပါတယ်။ဒီလို အချိန် မှာ လူနာအနေ နဲ့ ရေ ကို လုံလောက်အောင် ဂရု တစ်စိုက် သောက်ဖို့လိုပါတယ်။ လူနာ ကိုယ်တိုင် ရေ သောက်နိုင်တဲ့ အနေ အထား မရှိလျှင်တော့ ရေ ဓါတ် မချို့တဲ့ အောင် ဂရုစိုက်ပေး ရပါမယ်။

ဦးနှောက် အမြှေးရောင် ရောဂါ သည်တွေကို အထူးကြပ်မတ် ကုသဆောင်မှာ ကုသဖို့ လိုပါတယ်။ ကူးစက်တတ်တဲ့ ရောဂါ ဖြစ်တာကြောင့် ပြည်သူ ကျန်းမာရေး ဆရာဝန် တွေ အနေနဲ့ ရောဂါ မပြန့် ပွား အောင် လိုအပ်တဲ့ ကျန်းမာရေးပညာပေး ခြင်း ၊ ရောဂါ ရှာဖွေ ဖော်ထုတ်ခြင်း၊ မိသားစု ၀င်များ ကို ကာကွယ်ဆေးတိုက်ကျွေးခြင်း စတာတွေ ဆောင်ရွက် သင့် ပါတယ်။ လူနာ ကို ပြုစု ကုသ နေသော ဆေးဝန်ထမ်း များ လည်း လိုအပ်လျှင် ကာကွယ်ဆေးများ သောက်သုံးရပါမယ်
မြန်မာ ပြည်သူ ပြည်သား များ ကျန်းမာ ရွှင်လန်းကြပါစေ။

Friday, October 3, 2008

Symptoms of Meningitis


ဦးနှောက်အမြှေးရောင်လက္ခဏာများ
ဒီနေ့ အင်တာနက်သတင်းထဲ မှာ ဦးနှောက် အမြှေးရောင် ရောဂါ အကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ကျွန်တော်တို့ ဆေးရုံနဲ့မနီးမဝေး မြို့ပေါ်ရပ်ကွက် တစ်ခုမှာ ဦးနှောက်အမြှေးရောင်ရောဂါပြန့်နှံဖြစ်ပွားနေပြီး လူပေါင်း ၁၀၀ ကျော် ဆေးရုံတင် ထားရတယ် ဆိုတဲ့သတင်းပါ။ဒီရောဂါဟာ မြန်မာနိုင်ငံ မှာလည်း ဖြစ်ပွားလေ့ရှိတော့ ရောဂါရဲ့ အဓိက လက္ခဏာလေးတွေ ကိုသတိထားမိအောင် တင်ပြလို ပါတယ်။

သာမန်အားဖြင့် ဦးနှောက်အမြှေးရောင် ရောဂါ လက္ခာဏာတွေ ကိုသတိပြုမိဖို့ ခက်ခဲပါတယ်။တုပ်ကွေးရောဂါနဲ့ လက္ခဏာတွေ ဆင်ဆင်တူတာကြောင့် သတိမထားမိတတ်ကြ တာလည်းပါပါတယ်။တုပ်ကွေး ကတော့ သာမန်အားဖြင့် အသက်အန္တရာယ်မရှိ တတ်ဘဲ သူနဲ့ ခဏခဏ မှားတတ်တဲ့ ဦးနှောက်အမြှေးရောင် ရောဂါက တော့ ထိထိရောက်ရောက်မကုသ လျှင်အသက်အန္တရာယ်ရှိ ပါတယ်။ရောဂါလက္ခဏာတွေ ကိုသတိထားမိပြီး ထိထိရောက်ရောက် ကုသမူခံယူမယ် ဆိုလျှင့်တော့အန္တရာယ်ကင်: ဘေးရှင်းပါလိမ့်မယ်။

အဓိကလက္ခဏာများ
အထက်မှာ ဖော်ပြခဲ့သလိုပဲ ရောဂါလက္ခဏာတွေ က တုပ်ကွေးနဲ့ ဆင်တူပါတယ်။အောက်ပါလက္ခဏာတွေ တွေ့ရမယ် ဆိုရင်တော့ ဦးနှောက် အမြှေးရောင် ရောဂါလည်းဖြစ်နိုင်တယ်ဆိုတာ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
  1. ရုတ်တရက် အဖျားတက်ခြင်း

  2. ပြင်းထန်စွာခေါင်းကိုက်ခဲခြင်း

  3. လည်ပင်းခိုင်ခြင်း(မေးစေ့ ကို ရင်ဘတ်ဖြင့်ထိ လို့မရခြင်း)

  4. မှတ်ဥာဏ်စွမ်းရည်ကျဆင်းခြင်း၊ သတိမကောင်းတော့ခြင်း

  5. ထိုင်းမှိုင်းလေးလံခြင်း

  6. မျက်လုံးနာခြင်း၊စူးရှသော အလင်းရောင်ကို ကြောက်ခြင်း

  7. အဆစ်အမြစ် နှင့် ကြွက်သားများ နာကျင်ခြင်း

အထက်ဖော်ပြပါ လက္ခဏာများအနက် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းခိုင်ခြင်း စတာတွေဟာ ဦးနှောက်အမြှေးရောင် ရောဂါဖြစ်နိုင်တဲ့ အဓိက လက္ခဏာတွေ ဖြစ်ပါတယ်။

အခြားလက္ခဏာများ
အောက်ပါလက္ခဏာတွေက တော့ အမြဲတွေ့ရလေ့မရှိပါဘူး။သို့ပေမယ့် ဒီလက္ခဏာတွေ တွေ့ရမယ်ဆိုလျှင်ဖြင့် အသက်အန္တရာယ် ဖြစ်နိုင်တဲ့ သွေးဆိပ်သင့် ဝေဒနာတစ်ခု ရှိနေပြီဆိုတာ ချက်ချင်းသတိပြု မိဖို့လိုပါတယ်။
  1. အရေပြားအရောင်အဆင်း ပြောင်းလဲခြင်း

  2. ဗိုက်အရမ်းအောင့်ခြင်း

  3. ခြေဖျားလက်ဖျား အလွန် အမင်းအေးစက်ခြင်း

  4. မူးဝေ ထိုင်းမှိုင်ခြင်း

  5. အရေပြားပေါ်တွင် အနီရောင်၊ အညိုရောင် အစက်များပေါ်ခြင်း

  6. တက်ခြင်း

သင့်ရင်သွေးငယ်(သို့မဟုတ်) သင့်ပတ်ဝန်ကျင်က ကလေးငယ်တွေမှာ ဖော်ပြပါ လက္ခဏာတွေ တွေ့ရလျှင်ဖြင့် နီးစပ်ရာ ကျန်မာရေးဌာန ကို အမြန်ဆုံး သွားရောက် ကာ ကုသမှု ခံယူသင့်ပါတယ်။